ငယ်စဥ်က နှစ်နံစပ် ယောထမီကို ဝတ်ဆင်လေ့ ရှိပြီး ချည်သား ဝတ်ဆင်ရတာကို အရမ်း ကြိုက်နှစ်သက်ခဲ့ပြီး၊ မြန်မာရိုးရာ ဝတ်စားဆင်ယင်မှုကို ဖော်ထုတ်ချင်တဲ့ ရည်ရွယ်ချက်နဲ့ Fashion Force (Made to measure clothing brand) ကို စတင်ခဲ့တာ ဖြစ်ပါတယ်။

၂၀၀၅-၂၀၀၆ ခုနှစ်တွင် ဖက်ရှင်ဒီဇိုင်နာ တစ်ဦးအဖြစ် စတင် လုပ်ကိုင်သည့် အချိန်မှ စ၍ လုပ်ငန်းပိုမိုကျွမ်းကျင် စေရန် ပခုက္ကူ၊ ရေစကြိုမြို့များတွင် ဆေးဆိုးခြင်း၊ ယက်ကန်းခတ်ခြင်းများကို လေ့လာခဲ့ပါတယ်။ အင်းလေး ဒေသထွက် ခွန်ချည်များဖြင့် အဝတ်အစားဒီဇိုင်းများ ဖန်တီးထုတ်လုပ်ပါတယ်။

ရန်ကုန်တက္ကသိုလ် နှစ်တစ်ရာပြည့်ပွဲတွင် ၁၉၂၀-၁၉၉၅ ခုနစ်အထိ ကျောင်းသူများ၏ ဝတ်စားဆင်ယင်မှုကို ပြန်လည်ပြသရန် တာဝန်ယူပေးခဲ့ပါတယ်။ သမိုင်းကြောင်း အထောက်အထားများကို သေချာလေ့လာပြီး Signature product ဖြစ်တဲ့ “မြန်မာ့နှစ်တစ်ရာရင်ဖုံး” ကို ဈေးကွက်ထဲ ပြန်လည်ခေတ်စားလာအောင် ဆန်းသစ်ဖန်တီးခဲ့ပါတယ်။

NGO များနှင့်ပူပေါင်းပြီး သင်တန်းများ၊ ပညာဒါန ဖြန့်ဝေမှုများကို ဒေသတချို့တွင် သွားရောက်ပို့ချခဲ့ပါတယ်။ ဝတ်သူ ကိုယ်ကျန်းမာ၊ ထုတ်လုပ်သူ စိတ်ချမ်းသာစေသော တာဝန်ခံမှုမှသည် လူသားတို့ရဲ့ အဓိက ရပ်တည်မှု ဖြစ်သော ကမ္ဘာမြေကြီး ကျန်းမာစေရန် Fashion Force မှ တစိတ်တဒေသတာဝန်ယူ လုပ်ဆောင်နေပါတယ်။