စက္ကူပုတီးစေ့ကို အလယ်တန်းကျောင်းသူဘဝမှာ စသိကျွမ်းခဲ့ပြီး မေ့မေ့ပျောက်ပျောက် ရှိနေရာက အသက်လေးဆယ်နားနီးခါမှ ပြန်အမှတ်ရလို့ လက်တွေ့လုပ်ကြည့်ရာက Htar Handmade ဆိုပြီး ဖြစ်လာတာပါ။
Htar ရဲ့ ဖန်တီးမှုတွေကို စက္ကူပုတီး (paper bead) ကို မသုံးတော့တဲ့ စက္ကူ ဖြတ်စညှပ်စတွေကနေ ဖန်တီးတဲ့ စက္ကူလည်ဆွဲ၊ စက္ကူမျက်မှန်ကြိုး၊ စက္ကူမတ်စ်ကြိုးတွေပါ။ အဲဒါတွေက Htar ရဲ့ လက်မှုပစ္စည်းတွေပါ။
ပြည်တွင်းက တစ်ဦးချင်း အားပေးတာ ရှိသလို၊ နိုင်ငံခြားကို သွားတဲ့အခါ၊ ဒါမှမဟုတ် ရင်းနှီးသူတွေ၊ ကလေးတွေကို လက်ဆောင်ပေးချင်တဲ့အခါ အားပေးကြသည်။
ကိုဗစ်ကာလမှာ စက္ကူပုတီးစေ့နဲ့ လုပ်တဲ့ အသုံးအဆောင်တွေ ရောင်းဖို့ ပေ့ချ် ပြင်ဆင်တဲ့အခါ၊ သူမ အမေကြိုက်တဲ့ “ထား/ Htar” ဆိုတဲ့ နာမည်နဲ့ လူမှုကွန်ရက်မှာ ပေ့ချ်ဖွင့် ဖြစ်ခဲ့သည်။ Htar ဆိုတဲ့ နာမည်ကို အသုံးပြုထားတာ သူမအမေ သိရင် တမလွန်က ကျေနပ်နေမယ်လို့ သူမက ယုံကြည်သည်။
အသုံးမလိုတော့တဲ့ စက္ကူတွေ အသုံးပြုတာကြောင့် စက္ကူကုန်ကြမ်းက မခက်ခဲပေမယ့်၊ လည်ဆွဲ၊ နားဆွဲ၊ လက်ကောက်၊ သော့ချိတ်၊ မျက်မှန်ကြိုး၊ မတ်စ်ကြိုးတွေ ပြုလုပ်တဲ့အခါ ထည့်သုံးရတဲ့ ပစ္စည်းတွေ တန်ဖိုး မနည်းတာကြောင့် Htar ရဲ့ စက္ကူပုတီး အသုံးအဆောင်တွေဟာ ပြပွဲတွေ လုပ်တဲ့အခါ၊ မီဒီယာတွေ အင်တာဗျူးတဲ့အခါ၊ စက္ကူ အသုံးအဆောင် ဖြစ်ပေမယ့် ဈေးမနည်းကြောင်း မှတ်ချက်ပြုခံရသည်။
စက္ကူကို ကတ်ကြေးနဲ့ညှပ်၊ ဓါးနဲ့ဖြတ်လို့ လိပ်ပြီး ကော်ကပ်လိုက်တဲ့အခါ၊ ရောင်စုံ အလုံးလေးတွေ ဖြစ်လာတော့ အထူးအဆန်း ဖြစ်ပြီး၊ စိတ်ဝင်စားကြတဲ့သူတွေ ရှိတာကြောင့် လက်တွေ့သင်ကြားပေးဖို့ အကူအညီတောင်းလာတဲ့အခါ၊ အချိန်ပေးပြီး စက္ကူပုတီး ပြုလုပ်ပုံတွေကို မျှဝေသည်။